ရာသီဉတုနှင့် သဘာဝ ပတ်ဝန်းကျင်ဂေဟ စနစ်များ ထိခိုက်မှုများအရ သက်ရှိများအတွက် ရှင်သန်နေထိုင်ရာဒေသမှသည် ကမ္ဘာ့ နိုင်ငံအဝှမ်း ဆိုးကျိုးသက်ရောက်မှုများမှ ကာကွယ်ထိန်းသိမ်းနိုင်ရန်အလို့ငှါ မိမိတို့ဧရာရွှေဝါ ကုမ္ပဏီနှင့် ကုမ္ပဏီအစုအဖွဲ့များ အနေဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတို့၏ မူဝါဒနှင့်လမ်းညွှန်ချက်များ ရည်မှန်းချက်များနှင့်အညီ ပုသိမ်ခရိုင်၊ပုသိမ်မှ ငွေဆောင်လမ်းပိုင်း မိုင်တိုင်အမှတ် (၁၇/၁) တွင် ကုမ္ပဏီပိုင် သစ်တောစိုက်ပျိုးဧက (၃၀၀) အကျယ် အဝန်းရှိသော စိုက်ခင်းအမှတ်(၁)၊ အကွက်အမှတ်(၅၄/၅၅)တွင် သတ်မှတ်ထားသည့် အပင်အမျိုးစားများဖြစ်သည့် ယမနေ၊မန်ဂန်ရှား၊ရာဘာနှင့် အခြားသစ်မျိုးစုံတို့အား စိုက်ပျိုးနိုင်ရန် ပျိုးပင်များအားပြုစုပျိုးထောင်ခြင်း၊စိုက်ပျိုးအပင်ရေအတွက် ၁၅၀,၀၀၀ အားသတ်မှတ်ချက်များအတိုင်းစိုက်ပျိုးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

– ကျေးလက်ဒေသနေ ပြည်သူလူထု၏ ၇၀ ရာခိုင်နှုန်းခန့်မှာ သစ်တောများကို အဓိက မှီခိုလုပ်ကိုင်နေကြရပြီး အများစုမှာ ဆင်းရဲ နွမ်းပါးသူများ ဖြစ်ကြပါသည်။ သစ်တောများမှ သစ်သား၊ ထင်း၊လောင်စာ၊ ဝါး၊ ကြိမ်၊ ကျွဲနွားစာ စသည်တို့နှင့် ဝမ်းစာအတွက် သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အသားနှင့် ဆေးဝါးများ ရရှိကြပါသည်။
– သစ်ပင်များစိုက်ပျိုးခြင်းအနေဖြင့် ရေအရင်းအမြစ်များကို သန့်ရှင်းစင်ကြယ်စေရန် စစ်ထုတ်ပေးခြင်း၊ ရေတိုက်စားမှုဒဏ်မှ ကာကွယ်ပေးခြင်း ၊ အာဟာရဓာတ်များကို ထိန်းသိမ်းခြင်းနှင့် ပြန်လည်ဖြန့်ဝေပေးခြင်း စသည်တို့ ပါဝင်ပါသည်။
– မြန်မာနိုင်ငံသည် ကုလသမဂ္ဂ၏ ရာသီဉတုပြောင်းလဲမှုဆိုင်ရာ သဘောတူညီချက်မူဘောင် တစ်ခုဖြစ်သော “သစ်တောပြုန်းတီးမှုနှင့် သစ်တောအတန်းအစားကျဆင်းမှုတို့ကြောင့် ကာဗွန်ထုတ်လုပ်မှု လျှော့ချခြင်းနှင့် သစ်တောထိန်းသိမ်းကာကွယ်ခြင်း၊ စဉ်ဆက်မပြတ်စီမံအုပ်ချုပ်ခြင်းနှင့် သစ်တောကာဗွန် ရင်းမြစ်များ ပိုမို တိုးမြင့်စေခြင်း” အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။
– ထိုကဲ့သို့ လူတို့အသက်ရှင်နေထိုင်ရာ ကမ္ဘာကြီး ရေရှည်တည်တန့် ထိန်းသိမ်းနိုင်ရန် အလို့ငှာ သစ်တောကဏ္ဍအနေဖြင့် မူဝါဒ(၁၁)ချက်ဖြစ်သည့်
(၁) ရေ၊ မြေ၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရေး၊
(၂) သဘာဝတောများ ထိန်းသိမ်းကာကွယ်ခြင်းနှင့် သစ်တောစိုက်ခင်းများ တည် ထောင်ခြင်းဖြင့် ရာသီဥတုမျှတစေပြီး စိုက်ပျိုးရေးကို အထောက်အကူပြုစေရေး၊
(၃) ကျေးလက်နေပြည်သူတို့၏ အခြေခံသစ်တောထွက်ပစ္စည်း လိုအပ်ချက်များ ဖြည့်ဆည်းပေးရေး၊
(၄) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောများအုပ်ချုပ်လုပ်ကိုင်မှု တို့တွင် ပြည်သူအများ ပူးပေါင်းပါဝင် ဆောင်ရွက်လာစေရေး၊
(၅) သစ်နှင့် အခြားသစ်တောထွက်ပစ္စည်းများ စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင် ရေးနှင့်ပြည်သူ လူထုမှနေအိမ်များ ဆောက်လုပ်ရာတွင် လိုအပ်လျက်ရှိသော သစ်များကို ဖြည့်ဆည်းရောင်းချ ပေးနိုင်ရေး၊
(၆) သစ်တောသယံဇာတများ ထုတ်ယူသုံးစွဲရာတွင် အလေအလွင့်နည်းပါးပြီး သစ်အခြေခံစက်မှု လုပ်ငန်းများ တိုးတက်ဖြစ်ထွန်း ပေါ်ပေါက်လာစေရေး၊
(၇) သစ်တောနှင့် ပတ်ဝန်းကျင်ကဏ္ဍ စွမ်းဆောင်ရည်တိုးတက်မြင့်မားရေး၊
(၈) ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး၊
(၉) ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် ပတ်ဝန်းကျင်ရေးရာကိစ္စရပ်များကို ထည့်သွင်း ပေါင်းစပ်ခြင်း အားဖြင့် ပတ်၀န်းကျင်နှင့် သဟဇာတဖြစ်မှုနှင့် ဟန်ချက် ညီညွတ်မျှတမှုကို ရရှိစေရေး၊
(၁၀) နိုင်ငံတော်မှ လိုအပ်သော မြေမျက်နှာပြင်ပြ မြေပုံများကို စကေးအမျိုးမျိုး ဖြင့် တိကျမှန်ကန်စွာ တိုင်းတာရေးဆွဲထုတ်လုပ်ရေး၊
(၁၁) နိုင်ငံတော်၏ ပိုင်နက်နယ်နိမိတ်ကို တိကျမှန်ကန်စွာ တိုင်းတာသတ်မှတ်ရေး။
စသည့် မူဝါဒများနှင့်အညီ မိမိတို့ကုမ္ပဏီအနေဖြင့်လည်း တတ်နိုင်သည့်ဖက်မှနေ၍ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် အမျိုးသားရေးစိတ်ဓါတ်အပြည့်ဖြင့် နိုင်ငံတော်၏ လိုအပ်ချက်နှင့်အညီ အဓိကကျသည့် အစိတ်အပိုင်းတစ်ခုတွင် ပါဝင်အားဖြည့်ကူညီ လုပ်ကိုင်လျက်ရှိပါကြောင်း ဖေါ်ပြအပ်ပေသည်။